ပါတီ မူဝါဒနှင့် သဘောထား
နိုင်ငံရေး
(က) ဒီမိုကရေစီနည်းလမ်းအရ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်မှ သာယာ တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သောတရားမျှတမှုနှင့် တန်းတူ ညီမျှသော နိုင်ငံတော်ဖြစ်ပေါ်မည်ဟု ယုံကြည်သည်။
(ခ) မိမိတို့နေထိုင်ရာဒေသအလိုက်သော်လည်းကောင်း၊ နိုင်ငံတော်ဝှမ်းလုံး၌ သော် လည်းကောင်း၊ တည်ငြိမ်အေးချမ်းမှု ၊တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရရှိနိုင်ရန် ရည်ရွယ်သည်။
(ဂ) နိုင်ငံတော်၌လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း တိုင်းရင်းသား များအချင်းချင်း အေးချမ်းစွာအတူယှဉ်တွဲနေထိုင်၍ တစ်ဦး နှင့်တစ်ဦး ယုံကြည် မှု၊ တန်းတူညီမှု၊ တရားမျှတမှုများအာ လက်ကိုင်ထား၍ ဒေသအကျိုးစီးပွား နိုင်ငံတော်အကျိုးစီးပွားများ ဖော်ဆောင်နိုင်ရန်ရည်မှန်းသည်။
(ဃ) တိုင်းရင်းသားရေးကိစ္စအား စစ်မှန်သောစေတနာဖြင့် အမှန်တကယ် ဦးဆောင် ဆောင်ရွက်မည့်ပါတီဖြစ်ပေါ်လာရေး၊ တိုင်းရင်းသား၊ (လူနည်းစု) မျိုးနွယ်စုများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် ပါတီ၏ အဓိကမူဝါဒအဖြစ် သတ်မှတ်သည်။
(င) မိမိတို့ရှမ်းနီနှင့် ရှမ်းမျိုးနွယ်စုများအကျိုးစီးပွားအတွက် တိုင်းရင်းသားပါတီ အဖွဲ့အစည်းများ၊ ဒေသအလိုက်တည်ရှိနေသော လူမှုရေးအဖွဲ့အစည်းများ တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက် မည်။
(စ) မည်သည့်ပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မခွဲခြားဘဲ ပါတီမူဝါဒသဘောတရား များနှင့်အညီ တိုင်းရင်းသားရေး၊ ဒေသအရေး၊ နိုင်ငံအရေး ကိစ္စများအား ပူးပေါင်း ဆောင်ရွက်မည်။
(ဆ) ရှမ်းနီနှင့်မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ၏ အရေးကိစ္စများအား ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိသည့် မည်သည့်ပုဂ္ဂိုလ်မဆို လူမျိုး၊ ဘာသာမရွေး ပါတီမှ ပါတီဝင် အဖြစ်လက်ခံမည်။
(ဇ) နိုင်ငံရေးမဟာမိတ်မူဝါဒကို လက်ခံကျင့်သုံးမည်။
တိုင်းရင်းသားလူမျိုးများ
(က) ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စု(၁၀၀)ကျော် စုပေါင်း နေထိုင်သော နိုင်ငံတော်ကြီးဖြစ်ပါသည်။ တိုင်းဒေသကြီး(၇)ခုနှင့် ပြည်နယ် (၇)ခု အမည်နာမခွဲခြားသတ်မှတ်ခေါ်ဝေါ်ကြသော်လည်း လူမျိုးတစ်မျိုးတည်း သီးသန့် နေထိုင်သော ပြည်နယ်နှင့်တိုင်းဟူ၍ မရှိဘဲ လူမျိုးများရောထွေး၍ အတူတကွ ပူးပေါင်းနေထိုင်သောဒေသများ သာဖြစ်ပေသည်။
(ခ) တိုင်းရင်းသားလူမျိုးများအတွင်း ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းများ၊ စာပေယဉ်ကျေးမှု၊ ဘာသာစကားတို့မတူညီကွဲပြားကြသော်လည်း မရှိအတူ၊ ရှိအတူ အေးအတူမပူအမျှ အတူယှဉ်တွဲချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြပြီး ရင်ဆိုင်ကြုံတွေ့ရသောအခါတွင်လည်း စည်းလုံးညီညွတ်စွာ အတူတကွ ပူးပေါင်းတွန်းလှန်ခဲ့ပါသည်။
(ဂ) ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူ တကွ ပူးပေါင်းဆောင်ရွက်နိုင်မှသာ နှစ်ဦးနှစ်ဖက်အကျိုးပွား ဖြစ်ထွန်းမည်ဟု ယုံကြည်ကြပါသည်။
(ဃ) ထိုယုံကြည်မှုကြောင့် ရှမ်းနီလူမျိုးများသည် ဒေသအတွင်း အတူပူးတွဲနေထိုင် လျှက်ရှိသောတိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခန္တီး၊ တိုင်းဂဒူး၊ တိုင်းဂဏန်း၊ တိုင်းဖွန်းလူမျိုးတို့နှင့်လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ အခြားတိုင်းရင်းသား လူမျိုးများနှင့် လည်းကောင်းအတူယှဉ်တွဲနေထိုင်၍ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အတူတကွ ပူးပေါင်းဆောင်ရွက် သွားမည်ဟု ထက်သန် ခိုင်မာသော စိတ်ဓာတ်ဖြင့်သန္နိဌာန်ပြုပါသည်။
နိုင်ငံခြားရေး
(က) လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးဝါဒကို လက်ကိုင်ပြု၍နိုင်ငံတကာ ဆက်ဆံရေးတွင် ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းမှုကို အခိုင်အမာရရှိစေရန် အတွက် ဆောင်ရွက်မည်။
(ခ) ကုလသမဂ္ဂပဋိညာဉ်စာချုပ်များကို လေးစားလိုက်နာဆောင်ရွက်သွားမည်။
(ဂ) နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် အကျိုးတူလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ တာဝန်နှင့်ဝတ္တရားများကို လေးစားလိုက်နာခြင်းများ ဖြင့် လက်တွဲဆောင်ရွက်မည်။
(ဃ) နိုင်ငံတကာနှင့်ပတ်သက်သော အရေးကိစ္စများ၊ ဒေသတွင်းနိုင်ငံများနှင့် ပတ်သတ်သောအရေးကိစ္စများကို ငြိမ်းချမ်းသောနည်းဖြင့် အလေးပေး ဆောင်ရွက်သွားမည်။
စီးပွားရေး
(က) ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးမည်။ သက်ဆိုင်သောဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများကို ချမှတ်ဆောင်ရွက်သွားမည်။
(ခ) နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးဆောင်ရွက်သွားမည်။
(ဂ) ဆင်းရဲနွမ်းပါးမှုလျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်သွားမည်။
(ဃ) လူနေမှုအဆင့်အတန်းမြင့်မားလာစေရေးအတွက် ဆောင်ရွက်သွားမည်။
လယ်ယာစိုက်ပျိုးရေး
လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ မည်။
(က) လယ်ယာမြေစိုက်ပျိုး၊ မြေစိုက်ပျိုးလုပ်ကိုင်သောတောင်သူလယ်သမားအားလုံး ဥပဒေနှင့်အညီမြေယာပိုင်ဆိုင်ခွင့်၊ပေါင်နှံခွင့်၊ လွှဲပြောင်းခွင့်၊ ရောင်းချခွင့်၊ သီးစားချထားပိုင်ခွင့်ရှိစေရမည်။
(ခ) လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်စီးပွားရေးနှင့်အညီ လွတ်လပ်စွာ စိုက်ပျိုး၊ ကြိတ်ခွဲ၊ ရောင်းဝယ်ခွင့်ပြုမည်။
(ဂ) စိုက်ပျိုးရေးအတွက်လိုအပ်သော ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးကောင်း မျိုးသန့်လုံလောက်စွာရရှိရေး၊ မိရိုးဖလာစိုက်ပျိုးရေးမှ သိပ္ပံနည်းကျစက်မှု လယ်ယာအဖြစ် အဆင့်ဆင့် ပြောင်းလဲနိုင်ရန် ဆောင်ရွက်သွားမည်။
(ဃ) စိုက်ပျိုးရေးသုတေသနလုပ်ငန်းများကို ပြည်တွင်းပြည်ပကုမ္ပဏီများဖြင့် ပူးပေါင်း ဆောင်ရွက်မည်။
(င) သဘာဝပတ်ဝန်းကျင်ကြောင့်လည်းကောင်း၊ ဓါတ်မြေဩဇာကြောင့် လည်း ကောင်း၊ ပျက်စီးနေသော မြေဆီလွှာထိန်းသိမ်းရေးနှင့် ဓာတ်ဩဇာ၊ ပိုးသတ် ဆေးကြောင့် ဖြစ်ပေါ်သောဘေးထွက်ဆိုးကျိုးများကို ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပညာပေးကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်မည်။
(စ) ရွှေ့ပြောင်းတောင်ယာများတွင် နှစ်ရှည်ပင်များအစားထိုး၍သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်းစသည်တို့ကို ပညာပေး အကောင်အထည် ဖော်ဆောင်ရွက်မည်။
(ဆ) လုပ်ငန်းခွင်မှ မတော်တဆဖြစ်ပွားမှုများအတွက် တောင်သူလယ်သမားဆိုင်ရာ အသက်အာမခံလုပ်ငန်းများပေါ်ထွက်လာရန် ဆောင်ရွက်မည်။
(ဇ) လယ်ယာလုပ်ငန်းအတွက် ကာလတို၊ ကာလရှည်ချေးငွေများကို အတိုးနှုန်း သက်သာစွာဖြင့်ရရှိနိုင်ရန် စီမံဆောင်ရွက်ပေးမည်။
(စျ) တောင်သူလယ်သမားများ၏ လူမှုဘဝတိုးတက်စေရန်နှင့် အမျိုးသားအကျိုး စီးပွားကာကွယ်စောင့်ရှောက်နိုင်ရန် တောင်သူလယ်သမား အဖွဲ့အစည်းဖွဲ့ခွင့် ကို ဆောင်ရွက်မည်။
အလုပ်သမားရေးရာ
(က) အလုပ်သမားတိုင်းသည် အာဆီယံစံနှုန်းနှင့်သော်လည်းကောင်း၊ ကမ္ဘာ့စံနှုန်း များ ဖြင့်သော်လည်းကောင်း၊ မိမိရသင့်ရထိုက်သောအခွင့်အရေး များရရှိရမည်။
(ခ) ပြည်တွင်းပြည်ပရှိအလုပ်သမားတိုင်း တရားဥပဒေအရအကာအကွယ် ရရှိရ မည်။
(ဂ) အလုပ်သမားတိုင်း၏ ကုန်ထုတ်စွမ်းအားများ အစဉ်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မည်။
(ဃ) အလုပ်သမားတိုင်း ကျန်းမာရေးအာမခံချက်ရရှိရမည်။
(င) အလုပ်သမားတိုင်းသည် မိမိရသင့်ရထိုက်သော အကျိုးခံစားခွင့် လွတ်လပ်စွာ တင်ပြနိုင်ရမည်။
(စ) ဖြစ်ပေါ်ပြောင်းလဲလျှက်ရှိသော နိုင်ငံရေး၊ စီးပွားရေး၊ အချက်အလက်များကို အခြေခံ၍ သင့်တင့်လျှောက်ပတ်သောအခြေခံလစာများ ပြဌာန်းပေးမည်။
(ဆ) နိုင်ငံသားတစ်ဦးချင်းဝင်ငွေတိုးတက်ရမည်။
(ဇ) လုပ်ငန်းခွင်အတွင်း နစ်နာမှုတစ်စုံတစ်ရာရှိပါက တရားဥပဒေနှင့်အညီ ဖြစ်ရ မည်။
(စျ) အဓမ္မလုပ်အားပေးစေခိုင်းခြင်းမရှိစေရ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး
(က) သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲ သဘာဝအရင်းအမြစ်များ စဉ်ဆက် မပြတ် ရေရှည်အသုံးချနိုင်ရေးကိုရှူ၍ နိုင်ငံတကာမိသားစု၏ နည်းပညာ အကူအညီများရယူကာ ဒေသအတွင်းနေထိုင်ကြသူများအား စနစ်ကျစွာ သင်ကြားပို့ချခြင်း၊ ခိုင်မာသော အဖွဲ့အစည်းများဖွဲ့စည်းကာ ထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်မည်။
(ခ) သဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရေးနှင့် နောင်လာနောက်သားများ အတွက် သဘာဝအမွေအနှစ်များ လက်ဆင့်ကမ်းကျန်ရစ်စေရန် အတွက်လို အပ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေများပြဌာန်းရန်နှင့် ထိရောက်စွာ ကျင့်သုံးရန်ဆောင်ရွက်မည်။
(ဂ) သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရေးအစီအစဉ်များ ကြိုတင်စီမံထားခြင်းဖြင့်လျှော့ကျစေခြင်း၊ ထိရောက်လျှင် မြန်သောကယ်ဆယ်မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အစွမ်းကုန်မြှင့် တင်ဆောင်ရွက်မည်။
(ဃ) ကျေးရွာများတွင် အစုအဖွဲ့ပိုင်သစ်တောများ ပေါ်ပေါက်လာစေရန်စည်းရုံး လုပ် ဆောင်မည်။
ပညာရေး
(က) အခြေခံပညာရေးကို မူလတန်းအထိ အခမဲ့မသင်မနေရပညာသင်ကြားနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်။
(ခ) အလယ်တန်း၊ အထက်တန်းပညာရေးတွင် ထူးချွန်သော ကျောင်းသူ ကျောင်းသားများ ပေါ်ပေါက်နိုင်စေရန် အတွက်သင်ကြားပေးသော ဆရာ၊ ဆရာမများ ခေတ်နှင့်အညီ အရည်အချင်းပြည့်မှီစေရန် ဆောင်ရွက်မည်။
(ဂ) အရည်အသွေးပြည့်မှီသော ပုဂ္ဂလိကပညာသင်ကျောင်းများ ဖြစ်ပေါ်လာရေးကို အားပေးကူညီမည်။
(ဃ) ထူးချွန်ထက်မြတ်၍ ပညာသင်စရိတ်လုံလောက်မှုမရှိသော ကျောင်းသူ၊ ကျောင်းသားများအား ဆက်လက်ပညာသင်ကြားနိုင်စေရန်ကူညီ ဆောင်ရွက် မည်။
(င) နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် ပညာရေးသုတေသနလုပ်ငန်းများ ကို အားပေးကူညီမည်။
(စ) တက္ကသိုလ်မှ သင်ကြားလိုက်သည့်ပညာဖြင့် ပြင်ပလောကတွင် အသက်မွေး ဝမ်းကျောင်းပြုနိုင်စေရန် နိုင်ငံကာအဆင့်မီပညာရေးစနစ်ဖြင့် မြှင့်တင်ဆောင် ရွက်မည်။
ကျန်းမာရေး
(က) အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နိုင်ငံတကာနှင့် အဆင့်မီ အောင်ဆောင်ရွက်မည်။
(ခ) ဆေးပညာသင်ကြားမှုအဆင့်အတန်းမြင့်မားရေးနှင့် ကမ္ဘာ့အဆင့်အတန်းမီ ကျန်းမာရေးဆိုင်ရာဝန်ထမ်းများ ပေါ်ထွက်လာရေးတို့ကို ကြိုးစားဆောင်ရွက် မည်။
(ဂ) နိုင်ငံတော်မှ ဖွင့်လှစ်သည့်ဆေးရုံ၊ ဆေးပေးခန်းများအတွက်လိုအပ်သော နိုင်ငံ အဆင့်မီပစ္စည်းများပြည့်စုံရေး၊ ဆေးဝါးများအလုံအလောက်ရရှိရေးတို့ကို ဆောင်ရွက်မည်။
(ဃ) နိုင်ငံတကာအဆင့်မီပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများပေါ်ထွန်းလာအောင် အား ပေးဆောင်ရွက်မည်။
(င) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက် သွားမည်။
အုပ်ချုပ်ရေး
ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေစိုးမိုးသော၊ ပွင့်လင်းမြင်သာသော၊ တာဝန် ခံသော၊ အကျင့်ပျက်မှုကင်းသော၊ ထက်မြက်ထိရောက်သော မျှတပြီး တစ်မျိုးသားလုံး ပါဝင်နိုင်သော အုပ်ချုပ်ရေးယန္တရားတစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်မည်။
ကာကွယ်ရေးနှင့်လုံခြုံရေး
(က) နိုင်ငံတော်တွင် ပြည်ထောင်စုတိုင်းရင်းသားများ အားလုံးပါဝင်သော ပြည်ထောင်စု တပ်မတော်တစ်ခုတည်းသာရှိရမည်။
(ခ) ပြည်သူ့ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။
(ဂ) တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေးယန္တရားတစ်ရပ်လုံး အုပ်ချုပ်ရေး မဏ္ဍိုင်ထဲတွင်သာရှိရမည်။